Image: 

တိရစ္ဆာန်ရောဂါကာကွယ်တာဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

ဇူလိုင်လ 26, 2019

           မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီး၍ FAO-LIFT စီမံကိန်းအထောက်အပံ့ဖြင့် တိရစ္ဆာန်ရောဂါကာကွယ်တာဆီးရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ Grand Amara ဟိုတယ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို တိရစ္ဆာန်ကူးစက်ရောဂါများ မဖြစ်ပွားစေရေးနှင့် ရောဂါဖြစ်ပွားလာပါက တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ရောဂါကာကွယ်တားဆီးရေးနှင့် သတင်းပေးပို့ခြင်းဆိုင်ရာ သင်တန်းပို့ချနိုင်ရန်နှင့် အိမ်နီးချင်းနိုင်ငံများတွင်ဖြစ်ပွားလျက်ရှိသော အာဖရိကဝက်အပြင်းဖျားရောဂါအပါအဝင် အခြားဝက်ရောဂါများ၏ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာနှင့် ကူးစက်မှုနည်းလမ်းများအားသိရှိနိုင်ရန် ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

          ဆွေးနွေးပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ FAO-LIFT စီမံကိန်းမှ Technical Consultant ဖြစ်သူ Dr. Chris Bartels နှင့် တာဝန်ရှိသူများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများနှင့်   လူငယ်ပညာရှင်များစုစုပေါင်း (၃၉၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ Dr. Chris Bartels မှ အာရှပစိဖိတ်ဒေသအတွင်း ဖြစ်ပွားလျက်ရှိသော ဝက်ရောဂါများအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  အာဖရိကဝက်အပြင်းဖျားရောဂါအကြောင်း ရှင်းလင်းခြင်း၊ ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ အခန်းကဏ္ဍအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ တိရစ္ဆာန်ရောဂါဖြစ်ပွားမှုတွင် ဆောင်ရွက်ရန်အချက်များအားရှင်းလင်းဆွေးနွေးခြင်း၊ လက်ရှိစတင်လုပ်ဆောင်လျက်ရှိသော တိရစ္ဆာန်ကျန်းမာရေးလုပ်သား အသိအမှတ်ပြုလုပ်ငန်းစဉ်အကြောင်း ရှင်းလင်းခြင်း၊ ထို့နောက်အုပ်စုဖွဲ့ဆွေးနွေးခြင်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား  Survey Monkey၊ Commcare နှင့် Mentimeter Software များအား အသုံးပြု၍ စစ်တမ်းကောက်ယူသုံးသပ်ခြင်းများပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများအား မြေပြင်အခြေအနေတွင် ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းအစီအစဉ်များ ဖြန့်ဝေပေးနိုင်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ဆင့်ပွားသင်တန်းများပို့ချပေးခြင်းဖြင့် ရောဂါစူးစမ်းရှာဖွေခြင်း၊ သတင်းပေးပို့ခြင်းများအား လျှင်မြန်ထိရောက်စွာ တုန့်ပြန်ဆောင်ရွက်နိုင်လာမည်ဖြစ်ပါသည်။