"တိရစ္ဆာန်များဘဝ သာယာဝပြောရေး ဒို့စွမ်းဆောင်ပေး"

ဇန်နဝါရီလ 20, 2020

        စာရေးသူသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၊ ကူတာမြို့တွင် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ၊ (၁၄)ရက်နေ့ထိ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (World Organization for Animal Health, OIE) မှ ကြီးမှူးကျင်းသည့် အာရှနှင့်ပစိဖိတ်ဒေသတွင်း တိရစ္ဆာန်များဘဝသာယာဝပြောရေးတာဝန်ခံများ၏ ဒေသဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသင်တန်းကို တက်ရောက်ခွင့်ရရှိခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသင်တန်းတွင် ရရှိခဲ့သည့် အခြေခံဗဟုသုတများမှ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) အကြောင်း၊ အမျိုးသားအဆင့် ကိုယ်စားလှယ် (National Delegate)၏ လုပ်ပိုင်ခွင့်များနှင့် တိရစ္ဆာန်ဘဝသာယာဝပြောရေးဆိုင်ရာတာဝန်ခံ (Animal Welfare focal person) ၏ သတ်မှတ်တာဝန်နှင့်ဝတ္တရားများအကြောင်းအနည်းငယ် ကောက်နှုတ်တင်ပြလိုပါသည်။

        OIE ဟူသည် ကမ္ဘာအနှံ့အပြားရှိ တိရစ္ဆာန်များ၏ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် နိုင်ငံတကာရှိ အစိုးရအဖွဲ့များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ Office International des Epizooties အမည်ဖြင့် စတင်ပေါ်ပေါက်ခဲ့ပြီး၊ ၂၀၀၃ ခုနှစ်၊ မေလမှ စတင်ကာ World Organization for Animal Health အမည်သစ်ကို ပြောင်းလဲခဲ့ပါသည်။ သို့သော် သမိုင်းမှတ်တမ်း ထိန်းသိမ်းထားသည့်   အနေဖြင့် OIE သည် ၎င်း၏မူလအမည် OIE ကို ယနေ့တိုင် ဆက်လက် အသုံးပြုဆဲဖြစ်ပါသည်။  အာဖရိက၊ အမေရိက၊ အာရှနှင့် ပစိဖိတ်၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း တို့တွင် ဒေသဆိုင်ရာရုံးခွဲ (၅) ခုရှိပါသည်။ ၂၀၁၈ ခုနှစ်ထိ အဖွဲ့ဝင်နိုင်ငံပေါင်း (၁၈၂) နိုင်ငံ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Orgainzation, WTO) အပါအဝင် အမြဲတမ်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအဖွဲ့အစည်း၊ ဒေသဆိုင်ရာ အဖွဲ့အစည်း(၇၅)ခု ရှိသည်ဟုလည်းသိရပါသည်။

      OIE သည် နှစ်စဉ် မေလရောက်တိုင်း ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှ OIE National Delegate (Chief Veterinary Officer) များဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအတွက် တိရိစ္ဆာန် ကျန်းမာ ရေးနယ်ပယ်တွင် နိုင်ငံတကာစံနှုန်းများချမှတ်ရန်၊ တိရိစ္ဆာန်ကူးစက်ရောဂါထိန်းချုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန်၊ OIE ၏ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့ဝင်များ ရွေးကောက်တင်မြှောက်ရန်၊  OIE ၏ ညွှန်ကြားရေးမှူးချုပ်ကို ခန့်အပ်ရန်၊ နှစ်စဉ်ဘတ်ဂျက်ကို စစ်ဆေးရန်နှင့် အတည်ပြုရန် General Session (GS) အထွေထွေညီလာခံ အစည်းအဝေးကျင်းပလေ့ရှိသည်။ GS အစည်းအဝေးတွင် ဆုံးဖြတ်သည့်အကြောင်းအရာတိုင်းတွင် OIE National Delegate တစ်ဦးစီ၏ နိုင်ငံတစ်နိုင်ငံ မဲတစ်မဲစနစ်ဖြင့် ဆုံးဖြတ်သည်ကို သိရပါသည်။

       ထိုသို့ OIE GS အစည်းအဝေးသို့ လာရောက်မည့် OIE National Delegate အတွက် အထောက်အကူဖြစ်စေရန် ရေနေသတ္တဝါဆိုင်ရာ၊ တိရစ္ဆာန်ဘဝသာယာဝပြောရေးဆိုင်ရာ၊ အစား အစာဘေးကင်းလုံခြုံရေးဆိုင်ရာ၊ ဓာတ်ခွဲခန်းဆိုင်ရာ၊ တိရစ္ဆာန်ရောဂါများဆိုင်ရာ၊ တိရစ္ဆာန် ဆေးကုသရေးထုတ်ကုန်များဆိုင်ရာ၊ တောရိုင်းတိရစ္ဆာန်ဆိုင်ရာ၊ ဆက်သွယ်ရေး ဆိုင်ရာ စသည့် နယ်ပယ်(၈)ခုတွင် Focal points များရှိပါသည်။ အဆိုပါ Focal points များကို Delegate ကပင် အဆိုပြုခန့်အပ်ရပါသည်။ Focal points များ၏ သတ်မှတ်တာဝန်နှင့် လုပ်ပိုင်ခွင့်များလည်း အသီးသီးရှိပါသည်။

        တိရစ္ဆာန်ဘဝသာယာဝပြောရေးဆိုင်ရာတာဝန်ခံ (Animal Welfare Focal Point)၏ သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ-

၁။ မိမိနိုင်ငံအတွင်း တိရိစ္ဆာန်ဘဝသာယာဝပြောရေး ကျွမ်းကျင်သူများကွန်ယက် တစ်ခု တည်ထောင်ခြင်း သို့မဟုတ် ရှိပြီးသားကွန်ယက်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

၂။ တိရိစ္ဆာန်ဘဝသာယာဝပြောရေးအတွက် အခွင့်အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှု အမြဲမပြတ်ပြုလုပ်ခြင်း၊ ထို့အပြင် အခြားသော သက်ဆိုင်ရာဌာနများနှင့် လည်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊

၃။ OIE ဌာနချုပ်မှ ကုန်းနေသတ္တဝါ တိရိစ္ဆာန်ကျန်းမာရေးစံချိန်စံညွှန်းဆိုင်ရာ ကော်မရှင် (Code ကော်မရှင်) ၏အစီရင်ခံစာများ၊ တိရိစ္ဆာန်ဘဝသာယာဝပြောရေး လုပ်ငန်း အဖွဲ့၏အစီရင်ခံစာများနှင့် အခြားသက်ဆိုင်ရာအစီရင်ခံစာများကို လက်ခံရရှိခြင်း၊

၄။ အဆိုပါ အစီရင်ခံစာများတွင် အဆိုပြုထားသောမူကြမ်းများနှင့်စပ်လျဉ်းပြီး မိမိ တိုင်းပြည်ရှိအသိအမှတ်ပြု တိရိစ္ဆာန်ဘဝသာယာဝပြောရေးကျွမ်းကျင်သူများနှင့် တိုင်ပင် ဆွေးနွေးမှုပြုလုပ်ခြင်း နှင့်

၅။ တိရိစ္ဆာန်ဘဝသာယာဝပြောရေးနှင့် သက်ဆိုင်သော အသစ် သို့မဟုတ် ပြန်လည် ပြင်ဆင်ထားသည့်  OIE စံနှုန်းများအပေါ် မှတ်ချက်များ၊ OIE အဖွဲ့ဝင် နှင့်/သို့မဟုတ် ဒေသတစ်ခုစီ၏  သိပ္ပံနည်းကျရှုထောင့်အနေအထားဖြင့် ပြန်ကြားလာသည့် သက် ဆိုင်ရာအစည်းအဝေးအစီရင်ခံစာများအပေါ် Delegate အတွက် မှတ်ချက်များကို ပြင်ဆင်ခြင်း တို့ဖြစ်ပါသည်။

    စာရေးသူအနေဖြင့် OIE ၏ ကုန်းနေသတ္တဝါ တိရိစ္ဆာန်ကျန်းမာရေးစံချိန်စံညွှန်းတွင် ဖော်ပြ ပါရှိသည့် တိရစ္ဆာန်များ မွေးမြူရာ၊ သယ်ဆောင်ရာ၊ သတ်ဖြတ်ရာတို့တွင် လိုက်နာ လုပ်ဆောင် ရမည့် တိရစ္ဆာန်ဘဝသာယာဝပြောရေးဆိုင်ရာများနှင့် မိမိတို့တိုင်းပြည်အနေဖြင့် လိုက်ပါ လုပ်ဆောင်ရမည်အချက်များကို အခါအားလျော်စွာ အကြံပြုရေးသားဖော်ပြပါအုံးမည်။

                                                                                       

                                                                                          သိန်းဇော် (မွေး/ကု)

 

 

" ကမ္ဘာမြေပြင်စိမ်းလန်းဖို့ ပျားမွေးမြူကြစို့"

ဇန်နဝါရီလ 17, 2020

      ကမ္ဘာမြေစိမ်းလန်းသာယာစိုပြေစေဖို့ သီးနှံသစ်ပင်များကို စိုက်ပျိုးကြရမည်မှာ အလွန် အရေးကြီးသောအချက်ဖြစ်ပေသည်။ သီးနှံသစ်ပင်များ ဖွံ့ထွားတိုးတက်လာစေရန်အတွက် အထူးအရေးကြီး သောအချက်မှာဝတ်မှုန်ကူးနိုင်ရေးပင်ဖြစ်သည်။ လူသားများနှင့်အခြားအင်းဆက်များဖြင့် ဝတ်မှုန်ကူးပေး နိုင်မှုထက် ပျားများ၏ ဝတ်မှုန်ကူး ဝန်ဆောင်မှုသည် ပိုမိုထိရောက်အောင်မြင်စေပါသည်။ ထို့ကြောင့် "သီးနှံသစ်ပင်ဖွံ့ထွားချင် သိပ္ပံနည်းကျပျားမွေးရ" ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည် ဖော်ဆောင် ရန်လိုအပ်သလို လက်ရှိတွင်လည်း ဆောင်ရွက်လျက်ရှိပါသည်။

            သိပ္ပံပညာရှင်ကြီး အိုင်စတိုင်း၏ အဆိုတစ်ရပ်တွင် "ကမ္ဘာပေါ်တွင် ပျားမျိုးများပျောက် ကွယ်သွားပြီး နောက် နှစ်ကြာလျင် သီးနှံသစ်ပင်များနှင့်လူသားတို့သည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြမည်" ဟုဖော်ပြခဲ့ပေသည်။ ကမ္ဘာမြေစိမ်းလန်းစိုပြေပြီး သီးနှံသစ်ပင်များဖွံ့ဖြိုးစည်ပင်စေရန် ပျားများ၏လုပ်ဆောင်ချက် စွမ်းအားများသည် မည်မျှအရေးပါသည်ကို သတိပြုဘွယ်ဖြစ်လာပါသည်။ ယနေ့အထိ ထိုအချက်ကို မည်သည့် ပညာရှင်ကမျှ မမှန်ကန်ကြောင်းသက်သေပြသနိုင်ခြင်းမရှိပေ။

            သိပ္ပံနည်းကျပျားမွေးမြူရေးကို AD -1806 တွင် ယူကရိန်းနီးယန်လူမျိုး ပျားမွေးမြူသူ သုတေသန ပညာရှင်တစ်ဉီးက စီးပွားဖြစ်မွေးမြူနိုင်သည့် ပျားအိမ်ကိုအသုံးပြုခဲ့ရာမှစတင်ကာ ပျားမွေးမြူမှု နည်းစနစ်များ ဆင့်ကဲတိုးတက် ဖွံ့ဖြိုးလာခဲ့ရာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ သိပ္ပံနည်းကျ ပျားမွေးမြူခြင်းအတွက် ပျားအိမ်(Bee hive)ကို သစ်သား (ကျွန်း၊ မန်ဂျန်း၊ ထင်းရှုး)တို့ဖြင့် စတုဂံပုံတည်ဆောက်ထားပြီး အတွင်းတွင် ပျားသလက် ဘောင်(၁၀)ခုထိ ထားရှိနိုင်ပြီး ပျားစာနှင့်ပျားကောင်အရေအတွက် အနည်းအများပေါ်မူတည်၍ ၁ ထပ်ပျားအိမ်၊ ၂ ထပ်ပျားအိမ်နှင့် ၃ ထပ်ပျားအိမ်ထိ လက်ရှိမွေးမြူလျက်ရှိပေသည်။ ပျားမွေးမြူခြင်းဖြင့် ပျားအိမ် ၁ အိမ်မှ ပျားရည်၊ ပျားကော်၊ ဝတ်မှုန်၊ ပျားနို့၊ ပျားဖယောင်း၊ ပျားဆိပ်၊ ပျားသားလောင်းနှင့် ပျားကောင်တို့ကို မလွဲမသွေ ထုတ်ယူရရှိနိုင်မည်ဖြစ်သည်။

            သိပ္ပံနည်းကျ ပျားမွေးမြူခြင်းသည် တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်လုပ်ငန်းအထိ မွေးမြူနိုင်သော မွေးမြူရေး တစ်ရပ်ဖြစ်ပြီး အခြားတိရစ္ဆာန်များမွေးမြူရသကဲ့သို့ ကရိကထအလုပ်များခြင်းလည်းမရှိပါ။ ပျားစား ကျက် ခေါ် ဝတ်ရည်/ဝတ်မှုန်ရှိသည့် မည်သည့်စိုက်ပျိုးသီးနှံခင်းများတွင်မဆို ချထားမွေးမြူနိုင်ပြီး သီးနှံသစ်ပင်များ၌ ဝတ်မှုန် ကူးပေးခြင်းဖြင့် ဖွံ့ထွားတိုးတက်လာစေပါသည်။ သိပ္ပံနည်းကျပျားမွေးမြူခြင်းသည် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးပြုမွေးမြူရေး တစ်ရပ်ဖြစ်ခြင်း၊ သီးနှံဝင်ငွေများအပြင် အပိုငွေရရှိပြီး မွေးမြူသူများအတွက် ပျားရည် နှင့် အခြားပျားထွက်ပစ္စည်းများကို စားသုံးခြင်းကြောင့် ကျန်းမာရေးကိုများစွာ အထောက်အကူပြုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပျားရည်တွင်ပါဝင်သော  အာဟာရဓာတ်များသည်  လူသားတစ်ဉီးအတွက်အလွန်လိုအပ်သောအရာများဖြစ်နေခြင်း ကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ပျားမွေးမြူခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူသား အကျိုးပြု မွေးမြူရေးတစ်ရပ်အဖြစ် ကမ္ဘာမှအသိအမှတ်ပြုထားပါသည်။

            ယခုအခါ သိပ္ပံနည်းကျပျားမွေးမြူမှုဆိုင်ရာ သင်တန်းအဆင့်ဆင့်တို့ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သင်ကြားပို့ချပေးလျက်ရှိပါသည်။ ထို့ပြင် ဌာနမှ တောင်သူများနှင့်ပျားမွေးမြူသူမည်သူကိုမဆို ပညာပေးသင်တန်းအနေဖြင့် ပျားမွေးမြူရေး ဆိုင်ရာ ဟောပြောပြသမှုများပြုလုပ်ပေးခြင်း၊ ပျားမွေးမြူရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေး ခြင်း စသည်များကို လက်တွေ့ကျကျ ထိထိရောက်ရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိနေပါသည်။ သိပ္ပံ နည်းကျပျားမွေးမြူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ GBP (Good Beekeeping Practice)ဖြစ်သော ကောင်းမွန်သောပျားမွေးမြူရေးကျင့်စဉ်ကို အတိအကျလိုက်နာဆောင်ရွက်မွေးမြူသွားရန်လိုအပ်ပေသည်။ GBP စနစ်တွင် ပျားမွေးမြူသူများလိုက်နာရန် အချက်(၉)ချက်ပါရှိပေသည်။ ဌာနအနေဖြင့် GBP (Good Beekeeping Practice)နှင့် ဆိုင်သောသင်တန်းများကိုလည်းဖွင့်လှစ်ပို့ချပေးခြင်း၊ GBP နှင့်သက်ဆိုင်သောညွှန်ကြားချက်များကို ပျားမွေးမြူသူများထံသို့ ပေးပို့ညွှန်ကြားခြင်း စသည်တို့ကို စနစ်တကျပြုလုပ်ပေးထားပြီးဖြစ်ပါသည်

            ကောင်းမွန်သောပျားမွေးမြူရေးကျင့်စဉ်(GBP) စနစ်နှင့်အညီ ပျားမွေးမြူခြင်း၊ ပျားရည်ထုတ်ယူခြင်း၊ ပျားရည်သိုလှောင်သိမ်းဆည်းခြင်း၊ သယ်ယူပို့ဆောင်ရာတွင်ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံမှုရှိစေခြင်း၊ ပျားရည် တွင်ပါဝင်သော ဓာတုဓာတ်ကြွင်းကင်းစင်စေခြင်း စသည့်အချက်များကိုလိုက်နာချင်းအားဖြင့် ပျားမွေးမြူသူများ အတွက် နိုင်ငံတကာစံချိန်စံညွှန်းပြည့်မီ၍ အရည်အသွေးကောင်း ပျားရည်နှင့်ပျားထွက်ပစ္စည်းများကို ပြည်တွင်း စားသုံးမှုအတွက်သာမက နိုင်ငံတကာသို့တင်ပို့ရောင်းချရာတွင် စေျးကွက်ဝင်စံချိန်မီပျားရည်များအဖြစ် တင်ပို့ ရောင်းချနိုင်မည် ဖြစ်ပါသည်။ မြန်မာ့ပျားရည်သည် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့တွင် စက်တင်ဘာလ(၈)ရက်နေ့ မှ(၁၂)ရက်နေ့ထိကျင်းပသည့် ကမ္ဘာ့ပျားနှင့်ပျားထွက်ပစ္စည်းဆိုင်ရာညီလာခံမှ ၄၆ ကြိမ်မြောက်ကျင်းပခဲ့သည့် 46th Apimonida 2019 ပွဲတွင် ကမ္ဘာ့အကောင်းဆုံးပျားရည်နှင့်ပျားထွက်ပစ္စည်းများဆု Beekeeping Awards တွင် ကမ္ဘာ့အကောင်းဆုံးပျားရည် ပထမဆုကိုရရှိထားပြီးဖြစ်ပါသည်။

            လူသားတို့၏ ပျားရည်စားသုံးမှုသမိုင်းကို ပြည်လည်လေ့လာကြည့်ပါက ဂေါတမဗုဒ္ဓဘုရားရှင်အား တဖုဿ နှင့် ဘလ္လိကကုန်သည်ညီနောင်တို့မှ ပျားရည်ဖြင့်စီမံပြုလုပ်ထားသည့် ပျားရည်ပေါက်ပေါက်မုန့်ဆွမ်းကို ဆက်ကပ် လှူဒါန်းခဲ့သည်ဟု သမိုင်းစာအုပ်များတွင် ဖတ်ရှုနိုင်သည်။ ထို့ကြောင့် ခရစ်တော်မပေါ်မီ BC-588 လွန်ခဲ့သောနှစ်ပေါင်း (၂၆၀၀)ကျော် ကပင် ပျားရည်ကိုလူသားတို့ စားသုံးနေကြကြောင်းကိုလည်းကောင်း၊ ထိုမျှမက သိပ္ပံပညာသက်သေပြုချက်အနေဖြင့် စပိန်နိုင်ငံကျောက်ဂူတစ်ခုအတွင်း နံရံတွင် ကျောက်ခေတ်လူသား တစ်ဉီးက ပျားအုံမှပျားရည်များအား အားပါးတရစားသောက်နေသည့်ပုံကို ပီပြင်စွာလေ့လာတွေ့ရှိခဲ့ကြရသည်။ ထိုကျောက် ခေတ်လက်ရာပုံကို ကြည့်ခြင်းအားဖြင့် လူသားတို့သည် လွန်ခဲ့သည့်နှစ်ပေါင်း ၁ သောင်းခန့်ကတည်း ကပင် ပျားရည်အား စတင်စားသုံးနေကြပြီဖြစ်ကြောင်း လေ့လာဆန်းစစ်မှုပြုနိုင်ပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံ အတော် များများတွင် ပျားရည်အား နေ့စဉ်စားသုံးခြင်းနှင့် ပျားရည်နှင့်ပျားထွက်ပစ္စည်းများမှ တန်းဘိုးမြှင့် ထုတ်လုပ်ထားသော စားသောက်ကုန်၊ အလှကုန်နှင့် ဆေးဝါးများကို မရှိမဖြစ်အသုံးပြုစားသောက် လျက်ရှိကြပေသည်။

        ဆက်လက်၍ ပျားအုံတစ်အုံအားလေ့လာကြည့်မည်ဆိုပါက ပျားဘုရင်မ၊ လုပ်သားပျား(ပျားမ)၊ ပျားထီး တို့ဖြင့်အဓိကဖွဲ့စည်းထားပြီး ပျားဘုရင်မ(Queen)သည် ပျားထီးများနှင့်မိတ်လိုက်ပြီး ဥ အုသည့်တာဝန်ယူသည့်အပြင် ပျားအုံရှိပျားအားလုံးကို ပျားဘုရင်မစစ်ထုတ်ရည်(Queen Substance)နှင့် ပျားထီးများပျားဘုရင်မပျိုထံ သို့လာ ရောက်စေရန် လိင်ပိုင်းဆိုင်ရာဆွဲဆောင်သည့်အနံ့(Sexual attractant) တို့ကိုထုတ်လွှတ်၍ ပျားအုံအား ထိန်းချုပ်ထားပေသည်။ ပျားထီး(Drone)များမှာ ပျားဘုရင်မနှင့်မိတ်လိုက်ရန်သက်သက်သာဖြစ်ပြီး ပျားအုံ(၁)အုံ တွင်ရာဂဏန်းမျှသာရှိပေသည်။ ပျားထီးအချို့မှာ ပျားဘုရင်မနှင့် မိတ်လိုက်ပြီးနောက် ချက်ခြင်းသေဆုံးသွားကြသည်။ လုပ်သားပျား(Worker Bee) ခေါ်ပျားအမများသည် ပျားအုံတစ်အုံတွင် အများဆုံးဖြစ်ကြပြီး ၎င်းတို့သည် သစ်ပင်ပန်းမာန်များ၊ စိုက်သီးနှံများအားလုံး ဖွံ့ဖြိုးတိုးတက်စေရန် ဝတ်မှုန်ကူးဝန်ဆောင်မှုကိုဆောင်ရွက်ကြ သည်။ ပန်းပွင့်များမှ ပန်းဝတ်ရည်နှင့် ပန်းဝတ်မှုန်များကို ပျားအုံတွင်းသယ်ယူထည့်သွင်းပေးပြီး ပျားရည်နှင့် ပျားဝတ်မှုန် အဖြစ်ပြောင်းလဲပြုလုပ်ပေးခြင်း၊ ပျားအုံအတွင်းသန့်ရှင်းရေးပြုလုပ်ခြင်း၊ လုံခြုံရေးတာဝန်ထမ်း ဆောင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

        စိုက်ပျိုးရေးကိုအခြေခံသော မြန်မာနိုင်ငံတွင် ပျားမွေးမြူမှုအနေဖြင့် ပျားစာပင်များကို အဓိက(၃)မျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ  စိုက်ပျိုးသီးနှံပန်းမာန်သစ်ပင်များ၊ သဘာဝပေါက်ပင်များနှင့် အလေ့ကျပေါင်းပင် များ စသည်တို့ဖြစ်ကြပါသည်။ ထိုကဲ့သို့ သစ်တောသစ်ပင်များ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ သီးနှံစိုက်ခင်းများနှင့် သစ်ပင်ပန်းမာန်များကြားတွင် သိပ္ပံနည်းကျပျားမွေးမြူခြင်း စနစ်တကျချထားမွေးမြူရေးသည်တစ်ဉီးချင်းမှသည် နိုင်ငံဝင်ငွေအထိအလွန်အကျိုးများစေသော မွေးမြူရေးတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့်  တောင်သူများအနေဖြင့်   သီးနှံစိုက်ခင်းများတွင်  သိပ္ပံနည်းကျပျားမွေးမြူရေးကို   တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်  လုပ်ငန်းအဖြစ်မွေးမြူခြင်းဖြင့် မိမိသီးနှံများအထွက်နှုန်းကောင်းပြီး အောင်မြင်ဖွံ့ထွားစေမည့်အပြင် ပျားမွေးမြူခြင်းမှအပိုဝင်ငွေနှင့် ကျန်းမာရေးအကျိုးပြုပျားရည်စားသုံးနိုင်ခြင်းတို့ကိုရရှိနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

        သီးနှံစိုက်ခင်းများအား ဓာတုဆေးဝါးများအသုံးပြုခြင်းအားဖြင့် ရေရှည်တွင် သဘာဝပတ်ဝန်းကျင်မြေဆီ လွှာများပြုန်းတီးခြင်းနှင့် စားသုံးသူများအတွက်ဆိုးရွားသော ကျန်းမာရေးအကျိုးသက်ရောက်မှုများကို ဖြစ်ပေါ် စေနိုင်ပါသည်။ ထို့ကြောင့် " ပျားမွေးခြင်းဖြင့် ပျားရည်သောက်ရင်း စိုက်ပျိုးသီးနှံပန်းမာန်စိုက်မည်"ဟူသော ဆောင်ပုဒ်ကဲ့သို့ မည်သည့်ဘေးထွက်ဆိုးကျိုးကိုမျှ မဖြစ်ပေါ်စေသော၊ သဘာဝပတ်ဝန်းကျင်၊ သစ်ပင်ပန်းမာန်များနှင့် လူသားတို့အားကောင်းကျိုးဖြစ်စေနိုင်သော မွေးမြူမှုတစ်ရပ်ဖြစ်သည့် ခေတ်မီသိပ္ပံနည်းကျပျားမွေးမြူခြင်းကို စနစ်တကျကျင့်သုံးမွေးမြူခြင်းဖြင့် သစ်ပင်၊ ပန်းမာန်၊ စိုက်ပျိုးသီးနှံများနှင့် ကမ္ဘာမြေထုကို အကျိုးပြုကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

 

                                                                                                                                                                   လှိုင်ဝင်းထွန်း (မွေး/ကု)

ရည်ညွှန်းကိုးကားချက်များ

      -   ပျားမွေးမြူရေးစာစဉ် အတွဲ(၂၁)၊ အမှတ်(၂)၊ (၂၀၀၄)

  • ခေတ်မီပျားမွေးမြူရေးလမ်းညွှန်(၂၀၀၄)
  • ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအကြိမ်ထုတ်ပျားမွေးမြူရေးစာစောင်
  • တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပျားမွေးမြူရေးဆရာဖြစ်သင်တန်းအတွေ့အကြုံ(၂၀၁၉)
  • ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ဖြန့်ဝေသည့် GBP (Good Beekeeping Practice) စာစောင်