Image: 

မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

သြဂုတ်လ 1, 2019

       နေပြည်တော်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သင်တန်းခန်းမဆောင်၌ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင်မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ (၂၀၁၈) ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်မည့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများအား တရားဝင်နယ်စပ်ကုန်သွယ်မှုပြုလုပ်နိုင်ရန်အတွက် တိရစ္ဆာန်နှင့်တိရစ္ဆာန်ဆေးကုလုပ်ငန်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ပေးရေးလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချူပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

       အဆိုပါညှိနှိုင်းအစည်းအဝေးတွင်စီမံကိန်းတာဝန်ခံမှ  စီမံကိန်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ရှင်းလင်းပြောကြားရာတွင် စီမံကိန်းသည် (၂၀၁၉)ခုနှစ်မှ (၂၀၂၁) ခုနှစ်ထိလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများနှင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်ရောဂါစောင့်ကြည့်စစ်ဆေးရေးစခန်းမှ ဝန်ထမ်းများအားစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သင်တန်းများပို့ချပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတင်ပြခဲ့ပြီး ညွန်ကြားရေးမှူးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပါသည်။