စီးပွားဖြစ်ကြက်မွေးမြူထုတ်လုပ်မှုခြင်းအား သုံးသပ်ခြင်း

စက်တင်ဘာလ 11, 2020

       မြန်မာနိုင်ငံတွင် စားသုံးမှုအများဆုံးမှာ ကြက်သားဖြစ်ပြီး အဆီဓာတ်နည်းပါးခြင်း၊ အစာကြေ လွယ်ခြင်း၊ အရသာကောင်းမွန်ခြင်း၊ အာဟာရပြည့်ဝခြင်းတို့ကြောင့် နာလန် ထစလူမမာများအတွက် ကြက်စွပ်ပြုတ်၊ ကြက်ပေါင်း စသည်ဖြင့် အထူးပြင်ဆင်ချက်ပြုတ်ထားသော ဟင်းလျာများကို စီမံ ကျွေးမွေးလေ့ရှိပါသည်။ ကြက်သားဟင်းမှာ အလှူအတန်းများတွင် မပါမဖြစ်သော ဟင်းလျာတစ်မျိုး လည်းဖြစ်ပြီး ကြက်ဉမှာ မြန်မာလူမျိုးများ နေ့စဉ်စားသုံးသည့် အဟာရပြည့်ဝပြီး စီးပွားရေးအရ တွက်ခြေကိုက်သော အသားဓာတ်တစ်မျိုးလည်း ဖြစ်ပါသည်။ ဗမာကြက်ဟု အများခေါ်ဝေါ်သည့် တိုင်းရင်းကြက်ကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မွေးမြူကြပြီး အထူးသဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို များစွာအထောက်အကူပြုသော မွေးမြူရေးတိရစ္ဆာန်အဖြစ် တည်ရှိနေ ပါသည်။ စစ်တကောင်း၊ အင်ပင်ဝ၊ လည်ပြောင် စသည့် တိုင်းရင်းကြက်မျိုးများကို “အိမ်နောက်ဖေး ဈေးဆိုင်တည်” ဆိုသော စကားရပ်နှင့်အညီ တစ်နိုင်တစ်ပိုင် မွေးမြူကြပြီး ဈေးကောင်းကောင်းနှင့် ရောင်းချနိုင်သဖြင့် ကြက်မတစ်အုပ် မွေးမြူထားပါက မိသားစုအသုံးစရိတ်ကာမိအောင် ဝင်ငွေရရှိနိုင်ပါသည်။

       တိုင်းရင်းကြက်မွေးမြူရေးလုပ်ငန်းသည် ရှေးပဝေသဏီကာလကပင် တည်ရှိနေပြီး အသား စားကြက်မျိုးများကို (၁၉၉၅) ခုနှစ်တွင် ပြည်ပမှ တင်သွင်း၍ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းအဖြစ် စတင်မွေးမြူလာခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်ပြီးနောက် အသားစားကြက် မွေးမြူရေး သာမက ဥစားကြက်မွေးမြူ ရေးလုပ်ငန်းပါ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အချိန်တိုကာလ အတွင်း အကျိုးအမြတ်ရရှိ စေနိုင်သည့် စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိနေပါသည်။ စားသုံးသူများအတွက်လည်း ကြက်သားနှင့် ကြက်ဉတို့ကို ရာသီမရွေး၊ ဈေးမရွေး  သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်သည့်အနေအထားတွင် ရှိပါသည်။

       စီးပွားဖြစ်ကြက်မွေးမြူထုတ်လုပ်မှုလုပ်ငန်းကို နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီ များအပြင် ပြည်တွင်းလုပ်ငန်းရှင်များမှ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြပြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ  ၂၀၁၈ ခုနှစ်တွင် စာရင်းကောက်ယူမှုအရ ပြည်တွင်း ဥစား/အသားစား ကြက်မွေးမြူရေး အခြေအနေမှာ ပြည်တွင်းစားသုံးမှုထက် ပိုလျှံအောင် ထုတ်လုပ်နိုင်သော အနေအထား တွင်ရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ အခြားတစ်ဖက်တွင်လည်း ကြက်ပေါက်ဈေးနှုန်းနှင့် အစာဈေးနှုန်း မတည်ငြိမ်ခြင်း၊ လိုအပ်သောအချိန်တွင် လိုအပ်သော သွင်းအားစုများ မရရှိခြင်းနှင့် ဈေးကွက်အနေအထား လျင်မြန်စွာ ပြောင်းလဲနေမှုတို့ကြောင့် မွေးမြူထုတ်လုပ်သူများ အကျိုးအမြတ်ရရှိမှု နည်းပါးသည်ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှတစ်ဆင့် သိရှိရပါသည်။

       ဈေးကွက်စီးပွားရေးစနစ်၏ သဘောတရားအရ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကုန်ပစ္စည်းများကို ဝယ်လိုအားနှင့်ချိန်ညှိ၍ အချိန်ကိုက် ထုတ်လုပ် ရောင်းချနိုင်မှသာ  အကျိုးအမြတ် ရရှိမည်ဖြစ်ပေရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်း၍  ၂၀၂၀ ပြည့်နှစ်၊ မေလတွင် မျိုးခြံ များနှင့် ဥဖောက်စက် များသို့ online စနစ်ဖြင့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ (၁၃) ခုနှင့် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသော ကုမ္ပဏီ(၇)ခု၊ စုစုပေါင်း ကုမ္ပဏီ (၂၀) ခုကို မေးခွန်းပေးပို့၍ မျိုးခြံနှင့် ဉဖောက်စက်များ၏ ထုတ်လုပ်နိုင်မှု အခြေအနေကို စစ်တမ်းကောက်ယူခဲ့ပါသည်။ အဆိုပါကုမ္ပဏီများအနက် မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီ (၁၀) ခုနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီ(၇)ခုမှ စစ်တမ်း ဖြေဆိုပေးခဲ့ပြီးမျိုးခြံ စုစုပေါင်း (၁၄၄) ခြံ နှင့် ဥဖောက်စက် စုစုပေါင်း (၁၈) ခုရှိကြောင်း စာရင်းရရှိခဲ့ပါသည်။ မျိုးခြံနှင့် ဉဖောက်စက်များမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းတွင် အများဆုံးတည်ရှိပြီး ပဲခူးတိုင်းနှင့် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် တို့တွင် လည်း တွေ့ရှိရပါသည် (ပုံ-၁)။

 

ပုံ-(၁)   တိုင်းဒေသကြီး/ပြည်နယ်အလိုက် မျိုးခြံနှင့် ဉဖောက်စက်များ တည်ရှိရာ မြို့နယ်

အရေအတွက်ကို ဖော်ပြထားသောပုံ

       စစ်တမ်းဖြေဆိုသော ကုမ္ပဏီ (၁၇) ခုအနက် မျိုးခြံနှင့်ဉဖောက်စက်တွဲဖက် လုပ်ကိုင်သည်မှာ ကုမ္ပဏီ (၁၃) ခုရှိပြီး ကျန်ကုမ္ပဏီ (၄) ခုမှာ ဉဖောက်စက် လုပ်ငန်းကိုသာ လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

မျိုးကြက်ဉ ထုတ်လုပ်မှုအခြေအနေကို ဆန်းစစ်ခြင်း

       မျိုးကြက်ခြံများမှ ၂၀၁၈ ခုနှစ်တွင် မျိုးကြက်ဉ စုစုပေါင်း (၁၈၄.၅) သန်း အထိ ထွက်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၈၂.၁) သန်းထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၀ နှစ်အတွင်း Covid-19 ရောဂါ ဖြစ်ပွားပြီး စီးပွားရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခြင်းကြောင့် မျိုးကြက်ဥ ထုတ်လုပ်မှုမှာ (၁၀၅.၄) သန်းခန့်သာ ရှိမည်ဟု ခန့်မှန်းတွက်ချက်ရပါသည် (ပုံ-၂)။ မျိုးကြက်ဉများအနက် အသားစားကြက်မျိုး ကြက်ဉများကို အများဆုံးထုတ်လုပ်ပြီး နိုင်ငံခြားသားပိုင် ကုမ္ပဏီများမှ ထုတ်လုပ်မှုမှာ မြန်မာနိုင်ငံ သားပိုင် ကုမ္ပဏီများ၏ ထုတ်လုပ်မှုထက် (၂) ဆကျော်ရှိပြီး ဥစားကြက်မျိုးကြက်ဉကို မြန်မာ နိုင်ငံသားပိုင် ကုမ္ပဏီများမှ ပိုမိုထုတ်လုပ်ကြောင်း တွေ့ရှိရပါသည် (ပုံ-၃)။

ပုံ-(၂) ခုနှစ်အလိုက် ကုမ္ပဏီများမှ မျိုးကြက်ဥ ထုတ်လုပ်မှုကို ဖော်ပြထားသောပုံ

 

ပုံ-(၃) ကုမ္ပဏီများမှ ကြက်မျိုးအလိုက် မျိုးကြက်ဥ ထုတ်လုပ်မှုကို ဖော်ပြထားသောပုံ

       မျိုးခြံလုပ်ငန်း လုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုသာမက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ဥများကိုလည်း တင်သွင်းလျက်ရှိပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းဇယားများအရ အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယမ်နှင့် ပြင်သစ်နိုင်ငံတို့မှ ၂၀၁၉ ခုနှစ်အတွင်း မျိုးကြက်ဥစုစုပေါင်း (၇.၁) သန်းနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း မျိုးကြက်ဥ (၁၁.၃) သန်းခန့် တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည် (ပုံ-၄)။

ပုံ-(၄) ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်း ကုမ္ပဏီများမှ ပြည်ပမှ မျိုးကြက်ဥများ တင်သွင်းမှု

ကြက်ပေါက်ထုတ်လုပ်မှုအခြေအနေကို ဆန်းစစ်ခြင်း

       ကြက်ပေါက်ထုတ်လုပ်မှုအခြေအနေ ဆန်းစစ်ချက်အရ နိုင်ငံခြားသားပိုင်ကုမ္ပဏီများ၏ ဉဖောက်စက်များမှ ကြက်ပေါက်ထုတ်လုပ်မှုသည် ကြက်ပေါက်ထုတ်လုပ်နိုင်မှု စုစုပေါင်းအနက် ၂၀၁၈ ခုနှစ်တွင် (၈၁) ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် (၅၃) ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် (၇၆) ရာခိုင်နှုန်းခန့် အထိ ထုတ်လုပ်ခဲ့ကြောင်း ခန့်မှန်းတွက်ချက်ရပါသည် (ပုံ-၅ နှင့် ၆)။

ပုံ-(၅) ခုနှစ်အလိုက် ကုမ္ပဏီများမှ ကြက်ပေါက်ထုတ်လုပ်မှုကို ဖော်ပြထားသောပုံ

 

ပုံ-(၆) ခုနှစ်အလိုက် ကုမ္ပဏီများမှ ကြက်မျိုးအလိုက် ကြက်ပေါက် ထုတ်လုပ်မှု

       ဉဖောက်စက်လုပ်ငန်းလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် ပြည်တွင်း ထုတ်လုပ်မှုသာ မက ပြည်ပမှ ဘိုးဘွားမျိုးရင်း၊ မိဘမျိုးရင်း ကြက်ပေါက်များကိုလည်း တင်သွင်းလျက် ရှိပါသည်။ အမေရိကန်မှ ဘိုးဘွားမျိုးရင်း ကြက်ပေါက်များနှင့် ဩစတျေးလျ၊ မလေးရှား၊ ထိုင်းတို့မှ မိဘမျိုးရင်း နှင့် စီးပွားဖြစ် မွေးမြူရန်အတွက် ၂၀၁၉ ခုနှစ်အတွင်းတွင် ကြက်ပေါက် စုစုပေါင်း (၀.၂) သန်းနှင့် ၂၀၂၀ ပြည့်နှစ် အတွင်း (၀.၀၂) သန်းခန့် တင်သွင်းခဲ့သည်ကို တွေ့ရှိ ရပါသည် (ပုံ-၇)။

ပုံ-(၇) ၂၀၁၉ နှင့် ၂၀၂၀နှစ်အတွင်း ကုမ္ပဏီများမှ ပြည်ပမှ မျိုးကြက်ပေါက်များ တင်သွင်းမှု

       အချုပ်အားဖြင့် စီးပွားဖြစ်ကြက်မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကြက်ဉနှင့် ကြက်ပေါက်ထုတ်လုပ်မှုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသောကုမ္ပဏီများမှ (၇၆) ရာခိုင်နှုန်း ခန့်ရှိပြီး မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအနေဖြင့် (၂၄) ရာခိုင်နှုန်း ခန့်ရှိကြောင်း ခန့်မှန်း သိရှိရပါသည်။ ကြက်ပေါက်ထုတ်လုပ်မှုကို နိုင်ငံခြားသားပိုင် ကုမ္ပဏီများမှ လွှမ်းမိုးထားပြီး ပြည်တွင်းရှိ အသားစား ကြက်၊ ဉစားကြက် မွေးမြူသူအများစုမှာ ကြက်ပေါက်ရရှိရေးအတွက် နိုင်ငံခြားသားပိုင် ကုမ္ပဏီကြီး များအပေါ် မှီခိုနေရသည့် အနေအထားတွင် ရှိပါသည်။

ပြည်တွင်း မျိုးကြက်ဥ၊ ကြက်ပေါက် ထုတ်လုပ်မှုနှင့် ပြည်ပတင်သွင်းမှုအား နှိုင်းယှဉ်ခြင်း

       စီးပွားဖြစ်ကြက်မွေးမြူရေးဈေးကွက်တွင် ပြည်ပမှ မျိုးကြက်ဉနှင့် ကြက်ပေါက်များ တင်သွင်း ခြင်းကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုဖြစ်ပေါ်လာပြီး မွေးမြူသူများအတွက် ထိခိုက်နစ်နာရကြောင်း ပြော ဆိုမှုများ ရှိပါသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ ချုပ်နှင့် ညှိနှိုင်း၍ ဈေးကွက်လိုအပ်ချက်အရ မျိုးကြက်ဉနှင့် ကြက်ပေါက်များ ပြည်တွင်းထုတ်လုပ်မှု မလုံလောက်သည့် အချိန်အခါများတွင် ပြည်ပမှမျိုးကြက်ဥနှင့်ကြက်ပေါက်များကို တရားဝင် တင် သွင်းခွင့်ပြုလေ့ရှိပါသည်။ ဇယား (၁) တွင် ဖော်ပြထားသည့်အတိုင်း ၂၀၁၉ ခုနှစ်အတွင်း မျိုးကြက်ဥ စုစုပေါင်း (၇.၈) သန်းနှင့် ကြက်ပေါက် စုစုပေါင်း (၁၂) သန်းခန့်ကို တရားဝင်တင်သွင်းခွင့် ပြုခဲ့ပြီး ထိုပမာဏမှာ ပြည်တွင်းထုတ်လုပ်နိုင်မှု၏ (၄) ရာခိုင်နှုန်းနှင့် (၇) ရာခိုင်နှုန်းသာရှိသဖြင့် ပြည်ပမှ မျိုးကြက်ဉနှင့် ကြက်ပေါက်တင်သွင်းမှုကို ကန့်သတ်ခြင်းထက် ပြည်တွင်း ထုတ်လုပ်မှုကို ဈေးကွက် လိုအပ်ချက်နှင့် ချိန်ညှိ ထုတ်လုပ်ရန် ပိုမိုအရေးပါကြောင်း သိရှိနိုင်ပါသည်။

ဇယား-(၁) ကြက်ဉနှင့် ကြက်ပေါက်ထုတ်လုပ်မှုနှင့် တင်သွင်းမှုအား နှိုင်းယှဉ်ခြင်း

 

အသားစားသုံးမှုအခြေအနေအား ဆန်းစစ်ခြင်း        

       မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ အသားထုတ်လုပ်မှုကိန်းဂဏာန်းများအရ ၂၀၁၈ ခုနှစ်တွင် လူတစ်ဦးလျှင် ပျမ်းမျှ ကြက်သားစားသုံးမှုမှာ  (၃.၇) ကီလိုဂရမ်နှင့် ၂၀၁၉ ခုနှစ်တွင် (၄.၂) ကီလိုဂရမ် ရှိပြီး စစ်တမ်းမှ ရရှိလာသော စာရင်းများမှ ၂၀၁၈ ခုနှစ်တွင် လူတစ်ဦးလျှင် ပျမ်းမျှ ကြက်သား (၅) ကီလိုဂရမ်နှင့် ၂၀၁၉ ခုနှစ် တွင်   (၆.၉)  ကီလိုဂရမ် စားသုံးမှုရှိကြောင်း ခန့်မှန်းတွက်ချက်ရပါသည် (ပုံ-၈)။ အမှန်တစ်ကယ် စားသုံးမှုအခြေအနေများကို ပိုမိုတိကျစွာ တွက်ချက်နိုင်ရန်အတွက် စစ်တမ်းများ ဆက်လက်ကောက်ယူရန် လိုအပ်သေးသော်လည်း မြန်မာနိုင်ငံ၏ စီးပွားဖြစ် ကြက် မွေးမြူထုတ်လုပ်မှုလုပ်ငန်းအနေဖြင့် ပြည်တွင်းစားသုံးမှုကို ဖူလုံအောင် ထုတ်လုပ်ပေးနိုင်သည့် အနေ အထားတွင်ရှိကြောင်း စစ်တမ်းအရ သိရှိခဲ့ရပါသည်။

ပုံ-(၈) လူတစ်ဦး ပျမ်းမျှကြက်သားစားသုံးမှုကို နှိုင်းယှဉ်တွက်ချက်ခြင်း

       မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်ရန်အတွက် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ ဈေးကွက်ပြောင်းလဲမှု အခြေအနေများ၊ တိုင်းရင်းကြက် မွေးမြူထုတ်လုပ်မှုအခြေအနေ၊ ကြက်ဉနှင့် ကြက်သား စားသုံးမှု အခြေအနေများကို ဆက်လက်လေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို ပြည်သူအများ သိရှိနိုင်ရန် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

       မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်ရန်အတွက် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်နှင့်ညှိနှိုင်း၍ ဈေးကွက်ပြောင်းလဲမှု အခြေအနေများ၊ တိုင်းရင်းကြက် မွေးမြူထုတ်လုပ်မှုအခြေအနေ၊ ကြက်ဉနှင့် ကြက်သား စားသုံးမှု အခြေအနေများကို ဆက်လက်လေ့လာဆန်းစစ်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို ပြည်သူအများ သိရှိနိုင်ရန် ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။