Image: 

ကိုဗစ်ကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုများ

မေလ 25, 2020

ပြည်သူပြည်သားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် အသားဓာတ်ကို အဓိက ပေးစွမ်းသည့် တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးကဏ္ဍသည်လည်း ကိုဗစ်-၁၉(Covid-19) ကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကောက်ယူသည့် စစ်တမ်းများအရ သိရှိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉(Covid-19) အရေးပေါ် ကာကွယ် ရေးအစီအမံများ ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသည့်အပြင် အများပြည်သူ စားသုံးရန် အတွက် ဘေးကင်းပြီး အာဟာရပြည့်ဝသော အသား၊ နို့၊ ဉများကို စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်ရေးအတွက် လိုအပ်သော တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ တိရစ္ဆာန်အစာများပံ့ပိုး ပေးရေးနှင့် မွေးမြူရေးနည်းပညာပံ့ပိုးပေးရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် Covid-19 ကြောင့် မွေးမြူရေးကဏ္ဍအပေါ် ထိခိုက်မှုများကို သိရှိနိုင်ရန်နှင့် လိုအပ်သောပံ့ပိုးမှုများကို ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဧပြီ (၂၈) ရက် ရက်မှစတင်၍ မွေးမြူသူများ၏ သဘောထားအမြင်များကို CommCare App ကို အသုံးပြု၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဝန်ထမ်းများ၏ နယ်မြေ အလိုက်လုပ်ငန်းဆောင်ရွက်မှုများကို Survey Monkey Appဖြင့်လည်းကောင်း စစ်တမ်း ကောက်ယူခဲ့ကြရာ မွေးမြူသူများအနေဖြင့်ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့်အခက်အခဲများစွာ ရင်ဆိုင်နေရသည်ကို စစ်တမ်းမှတစ်ဆင့် သိရှိခဲ့ရသည်။

 Covid-19 ၏ မွေးမြူရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုကို သိရှိနိုင်ရန်အတွက် လူမှု စီးပွား၊ ဓလေ့ထုံးထမ်းစဉ်လာ၊ တိရစ္ဆာန်မွေးမြူမှုပုံစံ မတူညီသော မြို့နယ် (၂၄) မြို့နယ်တွင် စစ်တမ်းကောက်ယူခဲ့ရာ ဒေသနွား၊ နို့စားနွား၊ ဒေသကျွဲ၊ ဝက်၊ သိုး/ဆိတ်၊ ဥစားကြက်၊ အသားစားကြက်နှင့် တိုင်းရင်းကြက် စီးပွားဖြစ်မွေးမြူသူ (၁၆၅၆) ဦး၊ အလတ်စားမွေးမြူသူ (၂၄၂၃) ဦးနှင့် အသေးစားမွေးမြူသူ (၈၄၈) ဉီး၊ စုစုပေါင်းမွေးမြူသူ (၄၉၂၇) ဉီးမှ ပါဝင် ဖြေကြားပေးခဲ့ကြသည်။ (ပုံ-၁) နှင့် (ပုံ-၂)။

ပုံ (၁) - စစ်တမ်းကောက်ယူခဲ့သည့် မြို့နယ်နှင့် ဖြေဆိုသူအရေအတွက်

ပုံ (၂) - တိရစ္ဆာန်အမျိုးအစားနှင့် လုပ်ငန်းအရွယ်အစားအလိုက် ဖြေဆိုသူဦးရေ

ဖြေဆိုသူများ၏ (၅၂) ရာခိုင်နှုန်းမှာ ဝယ်လိုအားသာမက ရောင်းကုန်များဈေးကျ ဆင်းခြင်း စသည့် ဈေးကွက်ထိခိုက်ခြင်းကြောင့် ဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး (၆) ရာခိုင်နှုန်း မှာ ခရီးသွားလာမှု ကန့်သတ်ခြင်းကြောင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲ နှင့် ကြုံတွေ့နေရကြောင်း ဖြေကြားခဲ့ပါသည်။ သို့ရာတွင် ဖြေဆိုသူများ၏ (၃၇) ရာခိုင်နှုန်းမှာ စစ်တမ်းကောက်ယူခဲ့သော အချိန်တွင် သိသာထင်ရှားသော အခက်အခဲများ ကြုံတွေ့ရခြင်း မရှိဟု ဖြေကြားခဲ့ပြီး (၃) ရာခိုင်နှုန်း မှာ နွေရာသီစားကျက်ရှားပါးချိန်ကြောင့် မွေးမြူမှုခက်ခဲ ကြောင်းနှင့် ကျန် (၂) ရာခိုင်နှုန်းမှာ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန်အတွက် အရင်းအနှီး လိုအပ်ကြောင်း ဖြေကြားခဲ့ကြသည်။ (ပုံ-၃)။

ပုံ (၃)- မွေးမြူသူများ ကြုံတွေ့နေရသည့် အဓိကအခက်အခဲများ

ထို့အတူ မွေးမြူရေးလုပ်ငန်းအရွယ်အစားအလိုက် ကြုံတွေ့ရသည့် အခက်အခဲများမှာ မတူညီကြသည်ကိုလည်း စစ်တမ်းက ဖော်ပြနေသည်။

စီးပွားဖြစ် မွေးမြူသူများမှာ ဝယ်လိုအားကျဆင်းခြင်း၊ ဈေးကွက်မတည်ငြိမ်ခြင်း၊ ဈေးနှုန်းကျဆင်းခြင်း၊ စားကျက်အခက်အခဲရှိခြင်းနှင့် လုပ်သားရှားပါးခြင်း စသည်တို့ကြောင့် ထိခိုက်မှုများပြားပြီး အလတ်စားနှင့် အသေးစား မွေးမြူသူများအနေဖြင့် အရောင်းအဝယ် ကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရေးခက်ခဲခြင်း၊ အစာဈေးနှုန်းမြင့်တက်ခြင်း၊ အရင်းအနှီး လိုအပ်ခြင်းနှင့် ဈေးနှိမ်ခံရခြင်းစသည့် အခက်အခဲများ ပိုမိုများပြားကြောင်း တွေ့ရှိရပါသည် (ပုံ-၄)။

ပုံ (၄)- Covid-19 ကာလအတွင်း တိရစ္ဆာန်မွေးမြူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ

စီးပွားဖြစ်မွေးမြူသူများ ကြုံတွေ့ရသည့် အခက်အခဲအများစုမှာ Covid-19 ကာလအပြီး အသွားအလာကန့်သတ်မှုများ ဖြေလျှော့ပေးသည့်အချိန်တွင် ပျက်ပြယ်သွား နိုင်သော်လည်း အလတ်စားနှင့် အသေးစားမွေးမြူသူများအနေဖြင့် မွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင် ရန်အတွက် အရင်းအနှီးရရှိရန်နှင့် ခိုင်မာသောဈေးကွက်များ ရရှိနိုင်ရန်လည်း လိုအပ်လာ ပေမည်။

ထို့ပြင် ဈေးကွက်သို့တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း မွေးမြူသူများ၏ တစ်ဝက်ခန့်သည် ရောင်းအားကျဆင်းမှုနှင့် ကြုံတွေ့နေရသည် ဟူ၍လည်းကောင်း၊ ကျန်တစ်ဝက်ခန့်မှာ ပုံမှန်ရောင်းချနေရသည်ဟူ၍လည်းကောင်း စစ်တမ်း တွင် ဖြေဆိုခဲ့ကြသည်။

စစ်တမ်းကောက်ယူရာတွင် ရောင်းချသော ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက် ပြောင်းလဲမှုအခြေအနေအား သီးခြားမေးမြန်းခဲ့ခြင်းမရှိသော်လည်း တစ်နိုင်တစ်ပိုင် မွေးမြူ သူများအနေဖြင့် ထုတ်လုပ်ရာဒေသတွင်သာ ရောင်းချရသဖြင့် ပုံမှန်ရောင်းချနိုင်ခြင်း ဖြစ် ကြောင်း သုံးသပ်သိရှိရသည်။

 သို့ရာတွင် မွေးမြူသူများ၏ (၈၂) ရာခိုင်နှုန်းသည် မိမိတို့ကုန်ပစ္စည်းများကို ပွဲစား မှတစ်ဆင့် ရောင်းချနေရသဖြင့် ဈေးနှုန်းကျဆင်းခြင်း၊ ဈေးနှိမ်ခံရခြင်းတို့ ဖြစ်ပေါ်လာပြီး စီးပွားရေးအရ ထိခိုက်နစ်နာမှုပိုမိုကြီးမားလာနိုင်ပါသည် (ပုံ-၅)။ ထို့ကြောင့် Covid-19 ကာလ အပြီးတွင် မွေးမြူသူများအတွက် ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်သည့် အခွင့် အလမ်းများ ဖန်တီးပေးရန် လိုအပ်လာပါလိမ့်မည်။

ပုံ (၅) - မွေးမြူရေးထွက်ကုန်များအား ဈေးကွက်သို့ တင်ပို့ရောင်းချသည့် အခြေအနေ

စစ်တမ်းတွင် မွေးမြူရေးလုပ်ငန်းဆိုင်ရာ သွင်းအားစုများဖြစ်သည့် အစာ၊ ဆေးနှင့် အလုပ်သမားရရှိမှုအခြေအနေများကိုလည်း ထည့်သွင်းမေးမြန်းခဲ့ရာ ဖြေဆိုသူများ၏ (၆၁) ရာခိုင်နှုန်းသည် အစာကုန်ကြမ်းကို အပြည့်အဝရရှိသည်ဟု ဖြေဆိုခဲ့ပြီး (၈) ရာခိုင်နှုန်းသာလျှင် အစာကုန်ကြမ်းရရှိမှု ခက်ခဲနေသည်ဟု ဖြေဆိုခဲ့ကြသည်။

ထို့အတူ အစာကုန်ကြမ်းရရှိသူများထဲမှ (၈၈) ရာခိုင်နှုန်းသည် အစာ ဈေးနှုန်းအပြောင်း အလဲမရှိဟု ဖြေဆိုထားသည် (ပုံ-၆)။

ပုံ (၆) - Covid-19 ကာလအတွင်း မွေးမြူရေးအစာကုန်ကြမ်း ရရှိနိုင်မှုအခြေအနေ

မွေးမြူရေးဆေးဝါးများရရှိမှုနှင့် ပတ်သက်၍ ဖြေဆိုသူ များ၏ (၆၀) ရာခိုင်နှုန်းမှာ အခက်အခဲမရှိကြောင်းနှင့် (၉၆) ရာခိုင်နှုန်းမှ တိရစ္ဆာန်သုံး ဆေးဝါးများ ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း ဖြေဆိုခဲ့ကြသဖြင့် Covid-19  ရောဂါ စတင် ဖြစ်ပွားသည့် အချိန်မှစ၍ စစ်တမ်းကောက်ယူသည့်အချိန်အထိ တိရစ္ဆာန်အစာနှင့် ဆေးဝါး ရရှိမှု အခြေအနေမှာ သိသာစွာ ထိခိုက်မှုမရှိကြောင်း စစ်တမ်းက ဖော်ပြနေသည်။ (ပုံ-၇)။

ပုံ (၇) -  Covid-19 ကာလအတွင်း မွေးမြူရေးလုပ်ငန်းသုံး ဆေးဝါး ရရှိနိုင်မှုအခြေအနေ

အလတ်စားနှင့် စီးပွားဖြစ် မွေးမြူရေး လုပ်ငန်းရှင်များ၏ (၉၆) ရာခိုင်နှုန်းသည် လက်ရှိ အလုပ်သမားများကို ဆက်လက်ခန့်ထားလျက်ရှိပြီး (၉၇) ရာခိုင်နှုန်းသော မွေးမြူသူများ အနေ ဖြင့်လည်း အလုပ်သမားမရှားပါးကြောင်း ဖြေဆိုခဲ့ကြသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း အလုပ် သမား ရှားပါးမှုပြဿနာများများစွာ ရင်ဆိုင်ကြုံတွေ့ရမည် မဟုတ်ကြောင်း စစ်တမ်းအရ လေ့လာတွေ့ရှိ ရသည် (ပုံ- ၈)။

ပုံ (၈) -  Covid-19 ကာလအတွင်း မွေးမြူရေးလုပ်ငန်းအတွက် အလုပ်သမားရှားပါးမှုအခြေအနေ

တစ်ဖက်တွင်လည်း အစာထုတ်လုပ်ရောင်းချသူများနှင့် သီးခြားမေးမြန်းခဲ့ရာတွင် တိရစ္ဆာန် အစာကုန်ကြမ်းများ၏ (၃၀) ရာခိုင်နှုန်းကို ပြည်ပမှတင်သွင်းရသဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားလာမှု နှင့် ကုန်ပစ္စည်းတင်ပို့မှုကို ကန့်သတ်ထားသောကာလ ရှည်ကြာလာ သည် နှင့်အမျှ အစာကုန်ကြမ်း ရှားပါးမှုနှင့် ကြုံတွေ့လာနိုင်သဖြင့် ပြည်တွင်းထွက် စိုက်ပျိုး ရေးထွက်ကုန်များကို တိရစ္ဆာန်အစာအဖြစ် ပိုမိုအသုံးပြုနိုင်မည့် ရေရှည်အစီအမံများ ချမှတ် ဆောင်ရွက်သွားမှသာ ထိခိုက်မှုအနည်းဆုံးဖြင့် မွေးမြူရေးကဏ္ဍကို ဆက်လက်မြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

စစ်တမ်းကောက်ယူမှုအရ ရရှိလာသည့် အခြေခံအချက်အလက်များက မွေးမြူရေး လုပ်ငန်းတွင် စီးပွားရေးအရ ထိခိုက်မှုအတန်အသင့်ရှိသည်ကို ဖော်ပြနေပြီး  စစ်တမ်းတွင် လည်း မွေးမြူသူများ၏ (၄၈) ရာခိုင်နှုန်းမှာ စီးပွားရေးအရ ထိခိုက်နစ်နာမှု ရှိသည်ဟု ဖြေဆိုခဲ့ကြပါသည် (ပုံ- ၉)။ စစ်တမ်းကောက်ယူခဲ့သည့် ကာလမှာ ကိုဗစ်-၁၉ (Covid-19) ဖြစ်ပွားမှုကို စတင်အတည်ပြုခဲ့သည့် ဧပြီ (၂၇) ရက်မှ စတင်ရေတွက်ပါက တစ်လကျော် ကာလသာရှိသေးသဖြင့် ပုံမှန်ထုတ်လုပ်မှု လုပ်ငန်းများ ဆက်လက်လည်ပတ်နေပြီး အစာ၊ ဆေး၊ လုပ်သားစသည့် သွင်းအားစုများ ထိခိုက်မှု အနည်းဆုံးအခြေအနေတွင် ဈေးကွက် ကျဆင်းမှုကြောင့်သာ စီးပွားရေးထိခိုက်မှုရှိသည်ကိုလည်း တွေ့ရှိရသည်။

သို့ရာတွင် မွေးမြူရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ (၄၀) ရာခိုင်နှုန်းမှာ လည်ပတ် ရန်ပုံငွေ ဖြစ်သ ဖြင့် ကိုဗစ်-၁၉ (Covid-19) ရောဂါဖြစ်ပွားချိန် ကြာမြင့်သည်နှင့်အမျှ လုပ်ငန်းတွင်း လည်ပတ် နေသော ငွေကြေးများ ဆုံးရှုံးလာနိုင်ပြီး လုပ်ငန်းရပ်ဆိုင်းရမည့် အနေအထားသို့ ရောက်ရှိသွားမည်ဟု ခန့်မှန်းရသည်။

မွေးမြူသူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း ဖြေဆိုသူများ၏ (၉၆) ရာခိုင်နှုန်းမှာ မွေးမြူရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုကြောင်း ပြောကြားခဲ့ကြပြီး လုပ်ငန်း ဆက်လက်လည်ပတ်ရန် သို့မဟုတ် ပြန်လည်ထူထောင်ရန်အတွက် အလတ်စား မွေးမြူရေးလုပ်ငန်း များအနေဖြင့် မွေးမြူသောကောင်ရေ လျှော့ချမွေးမြူရန် လိုအပ်လာနိုင် ကြောင်း ဖြေကြားခဲ့ကြသည်။

မွေးမြူသူအများစုမှာ အအေးခန်းသိုလှောင်ရုံများ မရှိခြင်းတို့ကြောင့် Covid-19 ကာလ အတွင်း နေ့စဉ်ထွက်ရှိနေသော မွေးမြူရေးထွက်ကုန်များကို ကာလရှည်ကြာစွာ သိုလှောင် မထား နိုင်ဘဲ ထုတ်ရောင်းရခြင်း၊ တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် နည်းပညာ အားနည်း ခြင်း တို့ကြောင့် ဆုံးရှုံးမှုများ ရင်ဆိုင်ရကြောင်းလည်း ဖြေကြားခဲ့ကြပါသည်။ ထို့ကြောင့် မွေးမြူသူများ၊ အထူးသဖြင့် အငယ်စားနှင့် အလတ်စား မွေးမြူသူများအားသွင်း အားစုများ စဉ်ဆက်မပြတ် ရရှိနေစေရန်အတွက် ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်လာ ပါလိမ့် မည်။ အထူးသဖြင့် Covid-19 အလွန်ကာလများတွင် လုပ်ငန်း ပြန်လည် စတင်နိုင်ရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု များအား ထောက်ပံ့ငွေ၊ ချေးငွေများအဖြစ် ပံ့ပိုးပေးခြင်း၊ သွင်း အားစုများဖြစ်သည့် အစာ၊ ဆေး၊ မျိုး စသည်တို့အား ပံ့ပိုးပေးခြင်း၊ တန်ဘိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်း နှင့် အာမခံချက်ရှိသော ပြည်တွင်းပြည်ပ ဈေးကွက် ဖြစ်ပေါ်လာစေရေးတို့ကို အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းညှိနှိင်း ဆောင်ရွက်ပေးမှသာ မွေးမြူရေးလုပ်ငန်း ဆက်လက်လည်ပတ်ပြီး ပြည်သူလူထု၏ အာဟာရပြည့်ဝမှုအတွက် အသား၊ နို့နှင့် ဉများ လုံလောက်စွာ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်သည်။  

ပုံ (၉) - Covid-19 ကာလအတွင်း မွေးမြူသူများ၏ စီးပွားရေးထိခိုက်မှုအပေါ် သုံးသပ်ချက်

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် Covid-19 ရောဂါကြောင့် မွေးမြူရေး လုပ်ငန်းများ စီးပွားရေးအရ ထိခိုက်နစ်နာမှုကြုံတွေ့နေရချိန်တွင် တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ကြောင့် ထပ်ဆင့်ဆုံးရှုံး မှုများ မရှိစေရန်အတွက် ကန့်သတ်မှုများရှိနေသည့် ကာလဖြစ်သော် လည်း တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက် ရှိသည်။

 မြို့နယ်များတွင် ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအား မြို့နယ် (၁၄၀) တွင် သီးခြားစစ်တမ်းကောက်ယူခဲ့ရာ ဖြေဆိုသူများ၏ (၆၆) ရာခိုင်နှုန်းသည်  နယ်မြေတာဝန်ခံများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများမှတစ်ဆင့် တိရစ္ဆာန် ရောဂါကာကွယ်ဆေးများထိုးနှံပေး ခြင်း၊ တိရစ္ဆာန်ရောဂါကာကွယ်ခြင်းနှင့် မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး (၃၄) ရာခိုင်နှုန်းမှာ ဒေသတွင်း အသွားအလာ ကန့်သတ်မှုများကြောင့် ကျေးရွာအရောက် ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း ကာကွယ်ဆေးထိုးအစီအစဉ်အရ ယခင်ကထိုးနှံခဲ့သည့် ကာကွယ်ဆေးများ၏ ကိုယ်တွင်းခုခံစွမ်းအား ( Immunity) ကျန်ရှိနေသည့်အတွက် တိရစ္ဆာန် ရောဂါဖြစ်ပွားမှု ကြီးကြီးမားမား မတွေ့ရှိရကြောင်း၊ သို့သော်လည်း Covid-19 ရောဂါအခြေ အနေအရ အသွားအလာ ကန့်သတ်မှု ကာလကြာရှည်လာပါက ရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများ ထိခိုက်လာနိုင်ပြီး ရောဂါဖြစ်ပွားမှု များတွေ့ရှိလာနိုင်ကြောင်း သုံးသပ်တွေ့ရှိရ သည်။

ဦးစီးဌာနအနေဖြင့် Covid-19 ရောဂါကြောင့် ထိခိုက်မှုအများဆုံးဖြစ်သည့် ရန်ကုန်တိုင်း ဒေသကြီးနှင့် ၄င်းနှင့်ဆက်စပ်နေသော ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဝက်မွေးမြူရေးနှင့် ကြက်မွေးမြူရေးလုပ်ငန်းများ ဆက်လက်တည်တံ့စေရေးနှင့် ဆုံးရှုံးမှုများ ရှိခဲ့ပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြက်လည်လိမ်၊ ကြက်ဝမ်းကျ၊ ဝက်ဝမ်းကျ ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ပြီး တိရစ္ဆာန် အစာလိုအပ်ချက်ကိုလည်း တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ သည်။

ထို့အတူ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် Covid-19 ရောဂါကြောင့် ဖြစ်ပွား နိုင်သည့် ထိခိုက်နစ်နာမှုများကို စဉ်ဆက်မပြတ် ဆက်လက်သုံးသပ်သွားမည် ဖြစ်ပြီး မွေးမြူ ရေးသွင်းအားစုများ ရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။

လူငယ်ပညာရှင်များ(မွေး/ကု)